ထားဝယ်ခရိုင် အတွင်း ရွာသားတစ်ဦးကို စစ်အုပ်စုတပ် ဖမ်းဆီးသတ်ဖြတ်

သတင်းနှင့်မီ ဒီယာကွန်ရက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်။

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ ဝဲရစ်ကျေးရွာတွင် ဒေသခံရွာသားတစ်ဦးကို စစ်အုပ်စု စစ်ကြောင်းက ဖမ်းဆီးပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၂၇ ရက်နေ့က ဝဲရစ်ကျေးရွာဘက်သို့ စစ်ကြောင်းပြန်ထိုးလာသည့် စစ်အုပ်စုတပ်က အသက် ၃၀ နှစ်အရွယ် ကိုဇော်ဦးကို ဖမ်းဆီးပြီးနောက် သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကာ ရွာသားအချို့ကိုလည်း ထပ်မံဖမ်းဆီးခဲ့သေးကြောင်း ဆိုသည်။

အသက် ၄၀ ခန့်အရွယ် ဒေသခံရွာသားတစ်ဦးက “ဖမ်းပြီးတာနဲ့ တစ်ခါတည်း ပစ်သတ်လိုက်တာဗျာ၊ မေးမြန်း စစ်ဆေးတာတောင် မလုပ်ဘဲနဲ့ တော်တော်လေးကို ရက်စက်တာ၊ အလောင်းကိုလည်း ဒီအတိုင်း ပစ်ထားခဲ့ကြ တယ်” ဟု ပြောသည်။

ထိုသို့ ပစ်သတ်ခံရပြီးနောက် သတ်ဖြတ်ခံရသည့် ရုပ်အလောင်းကို ဒေသခံရွာသားများက အောက်တိုဘာလ ၂၈ ရက်နေ့ မနက်ပိုင်းတွင် စစ်အုပ်စုတပ် မရှိတော့ချိန်၌ သွားရောက်သယ်ဆောင်လာပြီး မီးသင်္ဂြိုဟ်ပေးခဲ့ကြရ သည်ဟု ၎င်းက ဆက်လက်ပြောပြသည်။

ထို့ပြင် သရက်ချောင်းမြို့နယ်အတွင်း စစ်အုပ်စုတပ်၏ စစ်ကြောင်းထိုးမှုများ၊ နှစ်ဖက်တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများ ရှိနေခြင်းကြောင့် ပိတိုင်ကျေးရွာမှ ကညင်ချောင်းကျေးရွာအထိ မြိတ်-ထားဝယ် ကားလမ်းမှာ အောက်တိုဘာလ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ ခြောက်ရက်ကြာ ပိတ်ဆို့ပြတ်တောက်ခဲ့ပြီး ကားအစီးရေ ရာနှင့်ချီ ပိတ်မိခဲ့သည်။

အဆိုပါလမ်းကို အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် လက်နက်ကိုင်တပ်များက ပြန်လည် သွားလာခွင့် ပြုခဲ့သဖြင့် ကားများ ဖြတ်သန်းသွားလာနေကြပြီဖြစ်သော်လည်း လမ်းကို ပြန်လည်ဖွင့်လှစ်ပေးသည့် အကြောင်း အရင်းနှင့် မည်မျှကြာသည်အထိ သွားခွင့်ရမည်ကိုမူ မသိရသေးကြောင်း ကားသမားများက ပြောဆိုသည်။

လက်ရှိတွင် သရက်ချောင်းမြို့နယ်အတွင်း စစ်အုပ်စုတပ်ဖွဲ့က စစ်ကြောင်းထိုး လှုပ်ရှားနေခြင်းကြောင့် ကတွဲ၊ ရငဲ၊ ကမြိုင်၊ ဝဲရစ်နှင့် သိမ်ကုန်းကျေးရွာများမှ ဒေသခံပြည်သူများမှာ အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

စစ်ကြောင်းထိုးစဉ်အတွင်း ကျေးရွာသားများကို ဖမ်းဆီးကာ သတ်ဖြတ်ခံရခြင်း၊ အလောင်းဖျောက်ဖျက်ခံရခြင်း၊ နေအိမ်များမှ စားနပ်ရိက္ခာနှင့် ပစ္စည်းများကို အဓမ္မယူဆောင်ခံရခြင်းအပြင် ကျေးရွာများဘက်သို့ လက်နက်ကြီး များဖြင့် ပစ်ခတ်ခြင်းစသည့် အခက်အခဲများကိုပါ ဒေသခံပြည်သူများ ဆက်လက် ရင်ဆိုင်နေကြရဆဲ ဖြစ်သည်။

ဓါတ်ပုံ – (ဝဲရစ်ကျေးရွာ ဆိုင်းဘုတ်။ / Credit to Original Uploader)