ဇာတိရွာပြန်လာသော ရဲမှူး မိန်းမအား KNLA ဖမ်းဆီး စစ်ဆေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်။
သရက်ချောင်းမြို့နယ်ထဲက မင်္ဂလာဆောင်ပွဲသို့ လာသည့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က ရဲမှူး၏ အမျိုးသမီးအား စစ်ဆေးပြီး ခံဝန်ဖြင့် ပြန်လွှတ်ပေးလိုက်သည်။
ဇာတိကျေးရွာက မင်္ဂလာဆောင်ပွဲကို လာသည့် စစ်ကောင်စီ ရဲမှူးမိန်းမအား ကရင်အမျိုးသား အစည်းအရုံး – KNU တပ်မဟာ ၄၊ လက်အောက်ခံ KNLA တပ်ရင်း ၁၂ က ၃ ရက်ကြာ ဖမ်းဆီးပြီး ခံဝန်ဖြင့် ပြန်လွတ်ပေးလိုက် သည်ဟု သရက်ချောင်း ပဲဒက်ကျေးရွာသားများက ပြောသည်။
အသက် ၄၀ ခန့်အရွယ် ပဲဒက်ရွာသားတစ်ဦးက “သူက ထားဝယ်မြို့ပေါ်မှာပဲ သားသမီးတွေကို ကျောင်းထားပြီးနေတာ၊ အခုက သူ့အစ်ကိုရဲ့ သမီး ငွေအပ် မင်္ဂလာပွဲရှိလို့ ခဏပြန်ဆင်းလာတာ၊ သက်ဆိုင်ရာကို အကြောင်းကြားဖို့ နောက်ကျသွားတယ်၊ KNLA က လာဖမ်းခေါ်သွားတာ” ဟု ပြောသည်။
ပဲခူးတိုင်းဒေသကြီးတွင် ရဲမှူးအဖြစ် တာဝန်ထောင်နေသူ၏ ဇနီးဖြစ်သူ အသက် ၅၁ နှစ်အရွယ် ဒေါ်တင်မာချို သည် သမီးဖြစ်သူနှင့် ပဲဒက်ကျေးရွာက ဆွေမျိုးမင်္ဂလာဆောင်ကို လာရောက်စဥ် KNU တပ်မဟာ ၄၊ KNLA တပ်ရင်း ၁၂ တာဝန်ရှိသူများ ဖမ်းဆီသွားခြင်း ဖြစ်သည်။
မေလ ၁၆ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး မေလ ၂၀ ရက်နေ့တွင် ပြန်လွတ်ပေးခဲ့သည်ဟု ရွာသားများက ပြော သည်။
ဒေါ်တင်မာချိုမှာ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာ ဇာတိဖြစ်ပြီး ရဲမှူးတာဝန်ကျသည့် ပဲခူးတိုင်းတွင် လိုက်နေထိုင်ခြင်း မရှိဘဲ ထားဝယ်မြို့ပေါ်တွင် နေထိုင်နေရာမှ ဇာတိရွာမင်္ဂလာဆောင်ကို လာခဲ့ခြင်း ဖြစ်သည်။
ရဲမှူးမိန်းမနှင့် သမီးဖြစ်သူကို စစ်ကောင်စီနှင့် ပတ်သက်နေဟု ဆိုကာ KNLA တပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ပြီး ဒေါ်တင်မာချို၏ ဆွေမျိုးများမှ လာရောက်၍ အာမခံကြောင်း လက်မှတ်ထိုးပေးသဖြင့် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်ဖွဲ့က ဒေါ်တင်မာချို တို့ သားအမိ ၂ ဦးကို စစ်ဆေးမှုများ ပြီးစီးသွားပြီ ဖြစ်သောကြောင့် မိမိရပ်ရွာတွင် ပြန်လည်နေထိုင်ရန် ခွင့်ပြုခဲ့သည်ဟု ဆိုသည်။