ဖားကန့်တိုက်ပွဲအတွင်း ကလေးအပါအဝင် အရပ်သား ၃ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၄ ရက်။

ကချင်ပြည်၊ ဖားကန့်မြို့နယ်ထဲ စစ်ကော်မရှင်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်းအဖွဲ့တို့ အကြား တိုက်ပွဲများ ဆက်တိုပ်ဖြစ်နေပြီး အရပ်သား ထိမှန်သေဆုံးမှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ဩဂုတ်လဆန်းမှာ ဩဂုတ်လ ၄ ရက်နေ့အထိ တိုက်ပွဲများ ဆက်တိုက် ဖြစ်နေသည်ဟု ဖားကန့်ဒေသခံများက ပြောသည်။

ဩဂုတ်လ ၃ ရက်နေ့နှင့် ၄ ရက်နေ့ နှစ်ရက်တာ တိုက်ပွဲအတွင်း ကလေးတစ်ယောက် အပါအဝင် အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိမှန်ဒဏ်ရာ ရခဲ့သည်ဟု ဖားကန့်ဒေသခံများက ပြောသည်။

ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ဗျူဟာကုန်းဘက်နေ လက်နက်ကြီးတွေနဲ့ ပစ်တာ။ အဲ့ဒီ လက်နက်ကြီး က မျောက်ဖြူမော်ရွာကို ကျပြီး အရပ်သားနဲ့ ကလေးသုံးနှစ်အရွယ်ကလေး လက်နက်ကြီးကျည် ထိပြီးသေ သွားတာဗျ။ လူကြီးလည်း တစ်ယောက်သေတယ်။ ဒဏ်ရာရတာက ၇ ယောက်ရှိတယ်။ ၃ ရက်နေ့တုန်းက တစ်ယောက် လက်နက်ကြီးထိပြီး သေတယ်။ သုံးယောက်ဒဏ်ရာရတယ် ဟု ပြောသည်။

ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် KPDF ပူးပေါင်းတပ်က ရှရော်ခကျေးရွာရှိ ညောင်ပင်ကုန်းနေရာကို ပြန်လည်ရရှိရေး ထိုးစစ်ဆင်နေပြီး နှစ်ဖက်ကြား တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟု ဆိုသည်။

လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုများ ဆက်တိုက် ရှိနေပြီး စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် များမှာ အရပ်သား ပြည်သူများ နေထိုင်သည့်ဘက်ကို ကျရောက်ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်နေသည်ဟု ဆိုကြသည်။

ဩဂုတ်လ ၄ ရက်နေ့မှာတော့ မျောက်ဖြူကျေးရွာက အသက် ၃ နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့ပြီး ဩဂုတ်လ ၃ ရက်နေ့တွင်မူ ရှရော်ခကျေးရွာမှ အမျိုးသား တစ်ဦး ထိမှန်သေဆုံးခဲ့သေးသည်။

အလားတူ ဆန်းကြွယ်ကျေးရွာတွင်လည်း လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် အသက် ၈၀ ကျော်အရွယ် အဘွားတစ်ဦးအပါအဝင် အရပ်သား ၄ ဦး ထိမှန်ဒဏ်ရာ ရခဲ့သည်ဟု ဖားကန့်မြို့ခံများက ပြော သည်။

စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့် ဧပြီလကတည်းက ဖားကန့်ဒေသထဲသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းများ ခွဲကာ ဝင်ရောက်လာပြီး ဖားကန့်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေခြင်း ဖြစ်သည်။

မြေပြင်ရှိ စစ်ကော်မရှင် စစ်ကြောင်းအား ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီး ပစ်ကူမှုများအပြင် လေကြောင်း မှပါ ဗုံးကြဲကာ စစ်ကူပေးနေသည်ဟု ဒေသခံများက ပြောသည်။