ထားဝယ်ခရိုင် မြို့နယ် ၃ ခုကို ဗုံးကြဲ တိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်။
ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံး၊ သရက်ချောင်းနှင့် ထားဝယ်မြို့နယ်တို့ကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦး သေဆုံးပြီး ကလေးများ အပါအဝင် ပြည်သူ ၅ ဦး ထိမှန်ဒဏ်ရာ ရခဲ့သည်။
လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာမှ အရပ်သား ၂ ဦး သေဆုံးပြီး ကလေးငယ်များ အပါအဝင် ၅ ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်ဟု ဒီမိုကရေစီ လှုပ်ရှားမှု သပိတ်ကော်မတီ-ထားဝယ် က စက်တင်ဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထားဝယ်ခရိုင် စစ်ဌာနချုပ် (DDMSC) ပြန်ကြားရေး တာဝန်ခံ ကိုဘွန်းက “ဘာတိုက်ပွဲမှမရှိတဲ့ နေရာတွေ၊ အဲ့လိုမျိုး နေရာတွေမှာ စီစဉ်တကျ ကြဲသွားတာကို ကြည့်ခြင်းအားဖြင့် သူတို့က ပြည်သူကို တကယ် ရည်ရွယ် ချက်ရှိရှိ ပစ်မှတ်ထားတဲ့ အနေအထားပါ” ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ထားဝယ်ခရိုင်ထဲက လောင်းလုံး၊ သရက်ချောင်းနှင့် ထားဝယ်မြို့နယ်တို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
လေကြောင်းမှ ဗုံးကြဲတိုက်ခံရာတွင်လည်း အရပ်သားပြည်သူများ နေထိုင်သည့် ရပ်ရွာများကို ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့သည်ဟု ကိုဘွန်းက ပြောသည်။
စက်တင်ဘာလ ၁၇ ရက်နေ့တွင် လောင်းလုံးမြို့နယ်ထဲက ဝေဒီကျေးရွာ လေကြောင်းမှ တိုက်ခိုက်ခံရမှုထဲ အသက် ၆၀ အရွယ် ဒေါ်တင်ရှိန်နှင့် ၎င်း၏ သားမက်ဖြစ်သူ အသက် ၃၄ နှစ်အရွယ် ကိုဝေယံဖြိုးတို့ သေဆုံးခဲ့ပြီး ကလေး ၃ ဦး အရပ်သား အပါအဝင် ၅ ဦး ပြင်းထန် ဒဏ်ရာများ ရခဲ့ကြသည်။
ထိမှန်ဒဏ်ရာ ရထားသူများကို ဆေးရုံသို့ ပို့ထားပြီး ဒဏ်ရာပြင်းထန်သဖြင့် အသက်အန္တရာယ် စိုးရိမ်ရသူများ လည်း ရှိသည်ဟု ရွာသားများက ဆိုသည်။
လောင်းလုံး၊ သရက်ချောင်းနှင့် ထားဝယ်မြို့နယ်တို့ကို Y-12 လေယာဉ် အသုံးပြုကာ ၁၂၀ မမ ဗုံးသီးများ ဖြင့် ကြဲခဲ့ကြောင်း ယူဆရသည်ဟု ဒီမိုကရေစီ လှုပ်ရှားမှု သပိတ်ကော်မတီ-ထားဝယ်၏ ထုတ်ပြန်ချက်က ဆိုသည်။
ကိုဘွန်းက “ပထမဆုံးကတော့ အဲ့ဒီ ထားဝယ်မြို့နယ်ထဲက နေရာကို သူတို့က လေယာဉ်နဲ့ လိုက်ကြဲတယ်။ ပြီးတာနဲ့ပဲ ချက်ချင်း ဒါ သရက်ချောင်းဘက်ကို အဲ့ဒီလေယာဉ်ပဲ ပြန်လာတယ်။ သရက်ချောင်းမှာ ကြဲပြီးတော့ လောင်းလုံးဘက်ကို လာတယ် အဲ့ဒီလေယာဉ်က။ အဲ့ဒီလိုမျိုး ကြဲတာပေါ့။ ပြောရမယ် ဆိုလို့ရှိရင်တော့ လေယာဉ်က အဲ့ဒီ မြို့နယ်သုံးခုမှာ ရှိတဲ့ နေရာတွေကို အဲ့ဒီလေယာဉ်တစ်စီးနဲ့ ပတ်ပြီးတော့ လိုက်ကြဲနေတဲ့ သဘောဗျ” ဟု ဆက် ပြောသည်။
လောင်းလုံးမြို့နယ်ထဲက ဝေဒီ၊ သပြေရှောင်၊ ကြက်ယက်တွင်း၊ ကျောက်တွင်း စသည့် ကျေးရွာ၊ ထားဝယ်မြို့နယ် ထဲက ပကာရီ၊ ပခပ်၊ ရေဝိုင်း ကျေးရွာများနှင့် သရက်ချောင်းမြို့နယ်အတွင်းရှိ ကင်းရှေ့၊ ဥတ္တူ၊ စော်ဖျား၊ မဲနယ် အိုး စသည့် ကျေးရွာများထဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထားဝယ်နှင် သရက်ချောင်းမြို့နယ်တို့တွင်မူ ဘာသာရေး အဆောက်အအုံများ၊ ဘုန်းကြီးကျောင်းများနှင့် စာသင် ကျောင်း အချို့ ထိမှန်ပျက်စီးမှု ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထားဝယ်ခရိုင်ထဲတွင် ကရင်အမျိုးသား အစည်းအရုံး KNU နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ လှုပ်ရှားမှု ရှိနေ ပြီး စစ်ကော်မရှင်တပ်နှင့် မြေပြင်တွင် တိုက်ပွဲများ၊ စစ်ပဋိပက္ခများ ပြင်းထန်နေသည့်အပြင် စစ်တပ်ကလည်း မကြာခဏ လေကြောင်းမှ ဗုံးကြဲမှုများ လုပ်လေ့ရှိသည်။