ဝက်လက်နှင့် ရွှေဘိုတွင် စစ်ကြောင်း ၄ ကြောင်းခွဲ၍ ကျေးရွာ ၈ ရွာ မီးရှို့၊ အရပ်သားများ သေဆုံး ဖမ်းဆီးခံရ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်။
စစ်ကိုင်းတိုင်း၊ ဝက်လက်နှင့် ရွှေဘိုမြို့နယ်များတွင် စစ်ကော်မရှင်တပ်က နိုဝင်ဘာလဆန်းကတည်းက စစ်ကြောင်း ၄ ကြောင်းခွဲ၍ ရွာများကို ဝင်ရောက် မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံရာပေါင်းများစွာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များက ပြောကြားသည်။
နိုဝင်ဘာလ ၄ ရက်နေ့တွင် ဝက်လက်မြို့နယ်၊ လှထွေကျေးရွာ၌ စစ်ကော်မရှင်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသားတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် နိုဝင်ဘာလ ၃ ရက်နေ့က မောင်ကထီးကျေးရွာကို ဝင်ရောက်လာသည့် စစ်ကြောင်းမှ ဒေသခံ ၄၀ ခန့်ကို ဖမ်းဆီးခဲ့ပြီး၊ သက်ကြီးပိုင်းအချို့ကိုသာ ပြန်လည် လွှတ်ပေးခဲ့သည်ဟု သိရသည်။
ဝက်လက်မြို့နယ် ဒေသခံတစ်ဦးက “စစ်ကြောင်းတွေက ရွာတွေကို တမာကုန်း၊ ရွာတော်ကုန်း စသဖြင့် ဆက် တိုက် ဝင်ပြီး မီးရှို့နေတာ။ အိမ်တွေ မီးလောင်ကုန်လို့ ရာနဲ့ချီတဲ့ လူတွေ နေစရာမရှိဘဲ တောထဲမှာပဲ ထွက်ပြေး နေကြရတယ်” ဟု ပြောသည်။
ဝက်လက်နယ် အနောက်ခြမ်းနှင့် ရွှေဘိုမြို့နယ်ဘက်ရှိ ဇီးတော၊ တဂဏန်း၊ ဘုန်းဘွတ် စသည့် ကျေးရွာ ၈ ရွာဝန်းကျင်မှာ မီးရှို့ဖျက်ဆီးခံထားရပြီး၊ ဒေသခံရာပေါင်းများစွာသည် နေရပ်စွန့်ခွာ၍ ရွှေဘို – မန္တလေး လမ်းမ ပေါ်မှ ကျေးရွာများ အနီးတဝိုက်သို့ ထွက်ပြေးနေကြရသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “သူတို့ ဒီစစ်တပ်က ရွာတွေကို မီးရှို့တာ၊ လူငယ်တွေကို ဖမ်းဆီးတာတွေ လုပ်ပြီး ဒေသခံတွေ မနေရဲအောင် ဖိအားပေးနေတာပဲ။ တိုက်ပွဲ ကြီးကြီးမားမား မရှိရင်တောင် အရပ်သား တွေကို ပစ်မှတ်ထားနေတာပါ” ဟု ဝေဖန်ပြောဆိုသည်။
ဒေသခံများ၏ ထွက်ပြေးတိမ်းရှောင်နေရမှုနှင့် ရွာများ မီးရှို့ဖျက်ဆီးခံရမှုများကြောင့် လူသားချင်းစာနာမှု အကူအညီများမှာ အရေးတကြီး လိုအပ်လျက်ရှိသည်။
စစ်ရေးကျွမ်းကျင်သူများကမူ စစ်ကော်မရှင်တပ်သည် အဆိုပါ မြို့နယ်များအတွင်း ၎င်းတို့၏ စစ်ရေးအရှိန်ကို မြှင့်တင်ရန်နှင့် ဒေသခံ တော်လှန်ရေး တပ်ဖွဲ့များအား ထောက်ပံ့မှု ဖြတ်တောက်ရန် ရည်ရွယ်ပြီး စစ်ကြောင်း ထိုးမှုများ၊ ရွာမီးရှို့မှုများကို အသုံးပြုနေကြောင်း သုံးသပ်သည်။
လက်ရှိတွင် နေအိမ်များ ဆုံးရှုံးသွားသော စစ်ဘေးရှောင်များအတွက် အမိုးအကာ၊ အစားအသောက်နှင့် ဆေးဝါး များ ရရှိနေရးမှာလည်း အဓိက စိန်ခေါ်မှုဖြစ်နေကြောင်း ဒေသတွင်း ကူညီရေးအဖွဲ့များက ဆိုသည်။