ဒေါ်အောင်ဆန်းစုကြည် သေဆုံးနေပြီး ဖြစ်နေမှာကို စိုးရိမ်ကြောင်း သားဖြစ်သူ ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်။
စစ်ကော်မရှင်၏ အကျဉ်းချထားခြင်းခံနေရသော နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေနှင့် သတင်းအချက်အလက်များ မရရှိနိုင်ခြင်းကြောင့် ၎င်းသည် အသက်ရှင်လျက် ရှိသေးခြင်း ရှိ၊ မရှိ မသေချာတော့ကြောင်း သားဖြစ်သူ Kim Aris (ဦးထိန်လင်း) က စိုးရိမ်ပူပန်စွာ ထုတ်ဖော် ပြောဆိုလိုက်သည်။
Kim Aris က မိခင်ဖြစ်သူသည် စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းမှု အောက်တွင် ကွယ်လွန်သွားပြီ ဖြစ်သည်ကိုပင် မသိနိုင်မည်ကို စိုးရိမ်ကြောင်း ဒီဇင်ဘာလ ၁၄ ရက်နေ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ပြုလုပ်သည့် ‘All In One Piece’ လှုပ်ရှားမှုအတွင်း ရိုက်တာ (Reuters) သတင်းဌာနနှင့် အင်တာဗျူးရာတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
Kim Aris သည် မိခင်ဖြစ်သူ၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး နှစ်အတော်ကြာ ဆက်သွယ်ခွင့်မရခဲ့ဘဲ စစ်အာဏာ သိမ်းပြီးနောက်ပိုင်းတွင် နှလုံး၊ အရိုး၊ သွားဖုံးဆိုင်ရာ ကျန်းမာရေး ပြဿနာများ ရှိနေသည်ဟူသော သတင်းများ ကို တဆင့်စကားဖြင့်သာ ကြားသိခဲ့ရသည်ဟု ဆိုသည်။
Kim Aris က “ဒီနေ့ ကျနော်ဟာ သားတစ်ယောက်အနေနဲ့ စကားပြောနေတာဖြစ်ပြီး အဓိပ္ပာယ်ရှိတဲ့ နိုင်ငံတကာ လုပ်ဆောင်မှုအတွက် တောင်းဆိုနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ကျနော့်ရဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်ဟာ မိသားစုနဲ့ အဆက်ဖြတ်ခံရပြီး၊ သူမရဲ့ အခွင့်အရေးတွေ ချုပ်ချယ်ခံရကာ အသံတိတ် ဆိတ်နေတဲ့ အနေအထားနဲ့ ငါးနှစ်နီးပါးခန့် အဆက်အသွယ် လုံးဝဖြတ်တောက်ခံထားရပါတယ်” ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ပြောဆိုထားသည်။
၎င်းက မိခင်ဖြစ်သူ၏ ကျန်းမာရေးနှင့် လုံခြုံရေးအပေါ် အလေးအနက် စိုးရိမ်ကြောင်း ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်မှာ အသက် ၈၀ အရွယ်ရှိပြီဖြစ်ပြီး ကျန်းမာရေးပြဿနာများ ဆက်လက်ခံစားနေရဆဲ ဖြစ်ကြောင်း ထောက်ပြခဲ့သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးရောဂါ အခြေအနေမှာ ပိုမိုဆိုးရွားလာနေသည်ဟု နားလည်ထားပြီး၊ “နှလုံးရောဂါက ဘယ်အချိန်မဆို အသက်ဆုံးသွားနိုင်တယ်ဆိုတာ ကျနော်တို့အားလုံး သိပါတယ်” ဟု သား ဖြစ်သူ Kim Aris က ရိုက်တာ (Reuters) သတင်းဌာနနှင့် အင်တာဗျူးရာတွင် ထည့်သွင်းပြောဆိုထားသည်။။
မိသားစု၊ ရှေ့နေများနှင့် အဆက်အသွယ် လုံးဝဖြတ်တောက်ခံထားရသော မိခင်၏ လုံခြုံရေးသည် ၎င်း၏ အဓိက စိုးရိမ်စရာဖြစ်ကြောင်း ပြောသည်။
၎င်းက မိခင်ဖြစ်သူသည် နေပြည်တော်၌ အကျဉ်းချခံထားရသည်ဟု ယုံကြည်ပြီး လွန်ခဲ့သည့် နှစ်နှစ်က နောက် ဆုံး ရရှိခဲ့သော စာထဲတွင် အကျဉ်းခန်းတွင်း နွေနှင့် ဆောင်းရာသီတို့၌ အပူချိန်လွန်ကဲမှုကို ခံစားရကြောင်း ရေးသားထားသည်ဟုလည်း ထုတ်ဖော်ခဲ့သည်။
Kim Aris က ကမ္ဘာအနှံ့ ပဋိပက္ခများစွာ ဖြစ်ပွားနေချိန်တွင် လူအများ မြန်မာနိုင်ငံအကြောင်းကို မေ့လျော့နေ မည်ကို စိုးရိမ်မိကြောင်း ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အရင်က နိုင်ငံတကာ၏ အလေးထားမှုကို အလွန်ရရှိခဲ့သော်လည်း ရခိုင်ပြည် အရေးအခင်းကြောင့် နိုင်ငံတကာပုံရိပ် ကျဆင်းသွားပြီးနောက် မြန်မာ့အရေးကို လူအများ လျစ်လျူရှုလာ ကြောင်း ထောက်ပြခဲ့သည်။
Kim Aris က မိခင်ဖြစ်သူ၏ လွတ်လပ်မှု ဆုံးရှုံးရခြင်းသည် မြန်မာပြည်သူ သန်းပေါင်းများစွာ၏ လွတ်လပ်မှုကို ထင်ဟပ်နေကြောင်းနှင့် “All in One Piece” လှုပ်ရှားမှုသည် လူသန်းပေါင်းများစွာအတွက် ဂုဏ်သိက္ခာ၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးကို ပြန်လည် ဖော်ဆောင်ရန် ဖြစ်ကြောင်း ရှင်းပြသည်။
၎င်းက မြန်မာနိုင်ငံသည် ပဋိပက္ခလမ်းကြောင်းကို တစ်ယောက်တည်း ရုန်းကန်နေရသည်ဟု ထောက်ပြပြီး နိုင်ငံတကာ အသိုက်အဝန်းကို ပြတ်ပြတ်သားသား ရပ်တည်ရန် တောင်းဆိုခဲ့သည်။
“ခင်ဗျားတို့ရဲ့ သံတမန်ရေးရာ ဖိအားပေးမှုဟာ အရေးကြီးပါတယ်။ ခင်ဗျားတို့ရဲ့ ပြတ်ပြတ်သားသား ပြောဆိုလုပ်ဆောင်လိုစိတ်ဟာ အသက်တွေကို ကယ်တင်နိုင်ပါလိမ့်မယ်” ဟု ၎င်းက တိုက်တွန်းထားသည်။
Kim Aris သည် စစ်ကော်မရှင်၏ ရွေးကောက်ပွဲများကို ပယ်ချရန်၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ကို တောင်းဆိုပေးရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စင်မြင့်ပေါ်မှာ မြန်မာနိုင်ငံ မမေ့လျော့ခံရဖို့ အားထုတ်ပေးရန် ဂျပန် နိုင်ငံရေးသမားများ၊ အစိုးရအရာရှိများနှင့် တွေ့ဆုံစဉ် မေတ္တာရပ်ခံခဲ့သည်။
ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူများအား ရည်ညွှန်းပြောဆိုရာတွင် ဒီမိုကရေစီရေး လှုပ်ရှားမှုသည် လေးနှစ် ကျော် ကြာမြင့်နေပြီဖြစ်သော်လည်း အရှုံးမပေးဘဲ ရုန်းကန်ခဲ့ကြသည့်အတွက် ချီးကျူးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အား စစ်ကော်မရှင်က လူထုလှုံ့ဆော်မှု၊ အဂတိလိုက်စားမှု စသည့် အမှုပေါင်းစုံဖြင့် စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားပြီး လက်ရှိတွင် နေပြည်တော်၌ ထိန်းသိမ်းထားသည်ဟု သတင်းများ ထွက်ပေါ်လျှက်ရှိသည်။ ၎င်း၏ သားဖြစ်သူက မိခင်သည် နိုင်ငံရေးကိစ္စတွင် ဝင်မပါစေလိုသော်လည်း လက်ရှိအနေအထားအရ မိမိကိုယ်တိုင် လုပ်ဆောင်ရခြင်းဖြစ်ကြောင်းလည်း ထုတ်ဖော်ခဲ့သည်။
ဓါတ်ပုံ – Kim Aris – Htein Lin
ကိုးကား – Reuters