နှိပ်စက်သည်ဟု နာမည်ကျော်သည့် ရဲတပ်ကြပ် ထွက်ပြေးရာမှ သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်။
စစ်ကြောရေးတွင် နှိပ်စက်ညှဉ်းပန်းရာ၌ နာမည်ကျော်သည့် ရဲတပ်ကြပ် ဝေယံ ဖမ်းဆီးထားစဉ် ထွက်ပြေး၍ ပစ်ခတ်ခံရကာ သေဆုံးသွားသည်။
ထားဝယ်ခရိုင်အတွင်းရှိ စစ်ကြောရေးစခန်းများ၌ နိုင်ငံရေးအကျဉ်းသားများအား ရှာဖွေဖမ်းဆီးခြင်းနှင့် ညှဉ်းပန်း နှိပ်စက်ခြင်းများတွင် ပါဝင်ပတ်သက်သည်ဟု နာမည်ကျော်သည့် ရဲတပ်ကြပ်တစ်ဦးကို ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် (DNLA) က ဖမ်းဆီးရမိခဲ့ပြီးနောက်၊ ထွက်ပြေးရန် ကြိုးပမ်းစဉ် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားခဲ့သည်။
သေဆုံးသွားသူမှာ ထားဝယ်ခရိုင် ဒုစရိုက်နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲတပ်ကြပ် ဝေယံ (ခ) နဘုလယ်ရဲဝေယံ ဖြစ်ပြီး ၎င်းကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)၊ ဒူရကစစ်ကြောင်းက မတ်လ ၁၉ ရက်နေ့တွင် ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
၎င်းသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကော်မရှင်၏ ရဲတပ်ဖွဲ့ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခြင်း ခံထားရသူတစ်ဦးလည်း ဖြစ်သည်။
ဒူရကစစ်ကြောင်း တာဝန်ရှိသူတစ်ဦးက “သူ့ကို အရှင်ဖမ်းမိထားတာပါ။ ကျနော်တို့ဘက်က စစ်သုံ့ပန်း ကျင့် ဝတ်နဲ့ အညီ ကောင်းမွန်အောင်ထားပြီး စစ်ဆေးနေတာပါ။ ဒါပေမဲ့ ၂၁ ရက်နေ့ ညနေပိုင်းမှာ သူက အိမ်သာ တက်ချင်တယ်ဆိုပြီး အကြောင်းပြတယ်၊ ရဲဘော်တွေအလစ်မှာ ထွက်ပြေးဖို့ ကြိုးစားတာကြောင့် လိုက်လံ ဖမ်းဆီးရာမှာ ကျည်ထိမှန်ပြီး သေဆုံးသွားတာ ဖြစ်ပါတယ်” ဟု ရှင်းပြသည်။
သေဆုံးသူ ရဲတပ်ကြပ် ဝေယံမှာ ထားဝယ်မြို့ပေါ်ရှိ စစ်ကြောရေးစခန်း သုံးခုအနက် ခရိုင်စစ်ကြောရေးတွင် တာဝန်ကျသူဖြစ်ပြီး စစ်ကြောရေးကာလအတွင်း နှိပ်စက်ညှဉ်းပန်းမှုများကြောင့် “နဘုလယ်ရဲဝေယံ” ဟူ၍ နာမည်ဆိုးဖြင့် ကျော်ကြားသူ ဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် ၎င်းကို ဖမ်းဆီးရမိချိန်တွင် သိမ်းဆည်းရရှိခဲ့သည့် ဖုန်းအတွင်းမှ စစ်ကော်မရှင်က ထားဝယ်မြို့ပေါ်တွင် ထပ်မံဖမ်းဆီးရန် စီစဉ်ထားသည့် မြို့ခံအချို့၏ အမည်စာရင်းများကိုလည်း တွေ့ရှိခဲ့ရသည်ဟု ဒူရကစစ်ကြောင်း တာဝန်ရှိသူက ပြောသည်။
အဆိုပါ စာရင်းတွင် ပါဝင်နေသည့် မြို့ခံများအား ဘေးလွတ်ရာသို့ တိမ်းရှောင်နိုင်ရန် ဒူရကစစ်ကြောင်းမှ အချိန်မီ သတိပေးနိုင်ခဲ့ဟု ဆိုသည်။
လက်ရှိတွင် ထားဝယ်ခရိုင်အတွင်း၌ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကော်မရှင်တပ်တို့အကြား စစ်ရေး တင်းမာမှု များ ဆက်ရှိနေပြီး၊ စစ်ကော်မရှင်ဘက်ကလည်း မြို့ပေါ်လုံခြုံရေးနှင့် ဖမ်းဆီးမှုများကို ယခင်ကထက် ပိုမို တင်းကျပ်ထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။