ညောင်ကျိုးဗျူဟာစခန်းကို စစ်ကြောင်းထိုးလာသော စစ်တပ် နှင့် AA  တိုက်ပွဲဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်။

ပဲခူးတိုင်းအနောက်ခြမ်းနှင့် ရခိုင်ပြည်အစပ်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ဗျူဟာမြောက် ညောင်ကျိုးစခန်းကို စစ်တပ်က စစ်မှုထမ်းသစ်များဖြင့် အင်အားဖြည့်တင်းကာ ပြန်လည်စစ်ကြောင်းထိုးလာ သောကြောင့် ထိတွေ့တိုက်ပွဲများ ပြင်းထန်နေသည်ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နှင့် ၁၆ ရက်နေ့တို့တွင် ပဲခူးတိုင်းအနောက်ခြမ်း ပန်းတောင်းတပ်နယ်ဘက်မှ စစ်တပ် စစ်ကြောင်းသည် ညောင်ကျိုးစခန်းအနီးသို့ စစ်ကြောင်းထိုးဝင်ရောက်လာရာမှ AA နှင့် တိုက်ပွဲပြင်းထန်ခဲ့ခြင်း ဖြစ်ပြီး၊ လက်ရှိတွင် စစ်တပ်ဘက်က အကျအဆုံးများကာ နောက်ပြန်ဆုတ်သွားပြီး စစ်ရေးအရ တပ်ဆိုင်ထား သည့် အခြေအနေရှိနေသည်။

အဆိုပါညောင်ကျိုးစခန်းသည် ရခိုင်ရိုးမတောင်ကြားလမ်းနှင့် ပန်းတောင်း – တောင်ကုတ်လမ်းပိုင်းကို အပေါ်စီး မှ စိုးမိုးထားနိုင်သည့် စစ်ရေးအရ အလွန်အရေးပါသော နေရာဖြစ်သောကြောင့် စစ်တပ်က ပြန်လည်ရယူရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ပန်းတောင်းမြို့မှ စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက လေကြောင်းမကူဘဲ မြေပြင်က အင်အား တစ်ရာကျော်နဲ့ စစ်ကြောင်းထိုးလာတော့ လေသာတောင်အနီးမှာ တိုက်ပွဲဖြစ်တာလို့ သိရတယ်။ ရခိုင်ရိုးမကို စတက်တဲ့ စမ်းပက်လက်ရွာကို ကျော်ရင် ညောင်ကျိုးပဲ။ အခုရက်ပိုင်း ရခိုင်တောင်ကုတ်မြို့အထိ စစ်ကြောင်း ပြန်ထိုးမယ်ဆိုတဲ့ သတင်းတွေအတိုင်း တကယ်ဖြစ်လာတာ။ အတိုက်ပြတာလည်း ဖြစ်နိုင်တယ်။ အခုတိုက်ပွဲမှာ စစ်တပ်က နောက်ပြန်ဆုတ်ရတယ်၊ အဓိက စနိုက်ဘာထိတာတွေ များတယ်လို့လည်း သိရတယ် ဟု ပြော သည်။

လက်ရှိတွင် ပဲခူးတိုင်း ပန်းတောင်းမြို့နယ်၊ ဆင်လန်ကျေးရွာနှင့် လေသာတောင်ခြေအနီးတွင် တိုက်ပွဲအချို့ ရှိနေဆဲဖြစ်ပြီး၊ ရခိုင်ရိုးမတောင်ခြေအနီးရှိ ပန်းတောင်း၊ ဥသျှစ်ပင်နှင့် ညောင်ခြေထောက် စသည့် နေရာများ တွင်လည်း စစ်တပ်က အင်အားစုဖွဲ့ကာ လှုပ်ရှားရန် ပြင်ဆင်နေသည်ဟု ဆိုသည်။

ထို့ပြင် AA နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များသည် မကြာခင်ရက်ပိုင်းအတွင်းက စစ်တပ်၏ ဥသျှစ်ပင်မြို့ အနီးရှိ ပွိုင့်စခန်းကုန်းတစ်ခုကိုလည်း စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်၌ အကျအဆုံးများပြားခဲ့ပြီး၊ ဒဏ်ရာ ရရှိသူများကို ပြည်မြို့ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည့်အထိ ရှိခဲ့သည်။

အဆိုပါ ညောင်ကျိုးဗျူဟာစခန်းကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်းက အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ 

ထိုနောက်ပိုင်း မကြာခဏ ထိတွေ့တိုက်ပွဲများ ရှိခဲ့သော်လည်း လက်ရှိ စစ်တပ်အတွင်း အပြောင်းအလဲများ ပြုလုပ်ပြီးနောက်ပိုင်းတွင် စခန်းပြန်လည်ရရှိရေး စစ်ကြောင်းထိုးမှုကို သိသိသာသာ ပိုမိုလုပ်ဆောင်လာနေခြင်း ဖြစ်သည်။

ညောင်ကျိုးဒေသသည် ရခိုင်ပြည်နှင့် ပဲခူးတိုင်းအစပ်တွင် ရှိသော ဗျူဟာကျသည့် နေရာတစ်ခုဖြစ်ပြီး၊ ပြည်မြို့ မှတစ်ဆင့် ဧရာဝတီမြစ် အနောက်ဘက်ကမ်းသို့ ကူးပါက ပန်းတောင်း၊ ဥသျှစ်ပင်၊ ညောင်ခြေထောက်မြို့များသို့ ရောက်ရှိကာ ထိုမှတစ်ဆင့် ရခိုင်ရိုးမသို့ စတင်တက်ရောက်လျှင် ညောင်ကျိုးစခန်းသို့ ရောက်ရှိမည်ဖြစ်သည်။ 

ညောင်ကျိုးသည် ညောင်ခြေထောက်နှင့် ဥသျှစ်ပင်မြို့တို့မှ ၁၄ မိုင်ခန့်အကွာတွင် တည်ရှိပြီး မြေပြင်အနေအထား အရ အပေါ်စီးကနေ စိုးမိုးထားနိုင်သည့် စစ်ရေးဗျူဟာမြောက် ကုန်းမြင့်နေရာတစ်ခုဖြစ်သည်။