ရွှေကူနှင့် ဗန်းမော်တွင် စစ်တပ် ထိုးစစ်ဆင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်။
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း စစ်တပ်က စစ်အင်အားနှင့် စစ်ကြောင်းအမြောက်အမြား အသုံးပြုကာ ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) က ပြောသည်။
စစ်တပ်သည် ငအိုးနှင့် ရွှေကူအကြားရှိ လမ်းကြောင်းများကို အသုံးပြု၍ ထိုးစစ်ဆင်နေသည့်အပြင် လေကြောင်း၊ ဒရုန်းများနှင့်ပါ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်နေကြောင်း KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
“စစ်ကြောင်းက ထိုးပြီးမှ ဗန်းမော်ဖက်ကို တက်ဖို့ သူတို့ ဦးတည်နေတဲ့ စစ်ကြောင်းတွေရှိပါတယ်။ အဲဒီစစ် ကြောင်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက ခုခံပြီးမှ တိုက်နေတယ်။ အဲကြောင့် စစ်ကော်မရှင်တွေလည်း သူတို့ လည်း ပြန်ပြီးမှ လေကြောင်းနဲ့ တိုက်တာ အဓိကကတော့ ဒရုန်းလက်နက်ကြီးနဲ့ ဆက်တိုက် ဆက်တိုက် ဗုံးကြဲ ပြီးမှ တိုက်ပွဲတွေ ရှိတယ်။ နံပါတ်တစ်ကတော့ ကချင်ပြည်နယ်မှာ အခု လောလောဆယ်တော့ အဲဒီ နေရာမှာ တိုက်ပွဲတွေ ရှိတာ ရှိပါတယ်။”
စစ်တပ်သည် ငအိုးနှင့် ရွှေကူအကြားရှိ ပန်းပင်ရွာ၊ ကိုင်ရွာ၊ ပလောင်တောင်ရွာနှင့် အထက် ၄ လမ်းဆုံရွာ စသည့် လမ်းကြောင်းများမှတစ်ဆင့် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ကသာ၊ ဗန်းမော်၊ မန္တလေးနှင့် မြစ်ကြီးနား လမ်း တစ်လျှောက်တွင်လည်း လုံခြုံရေး တင်းကျပ်ထားသည်ဟု ဆိုသည်။
“ရွှေကူမြို့နယ်မှာကတော့ အခုလောလောဆယ်မှာ တော်တော်များများ တိုက်ပွဲဖြစ်တဲ့နေရာဖြစ်ပါတယ်။ ပြီး တော့ အဲ့ဒီကသာဖက် ဗန်းမော် မန္တလေးနဲ့ မြစ်ကြီးနား လမ်းတကြောမှာလည်း သူတို့ လုံခြုံရေးတွေ တင်းတင်း ကျပ်ကျပ် ချထားတာ တွေ့ရပါတယ်။ ဒီတော့ ကချင်ပြည်နယ် တစ်ခုလုံးရဲ့ အခုလက်ရှိ စစ်ရေးအခြေအနေ အတင်းမာဆုံးကတော့ ရွှေကူမြို့နယ် ရွှေကူမြို့ ပတ်ဝန်းကျင်မှာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ဆက် ပြောသည်။
ရွှေကူမြို့နယ်အပြင် ဗန်းမော်မြို့နယ်အတွင်းရှိ ဗန်းမော်တက္ကသိုလ်အနီးတွင် နေရာယူထားသော စစ်တပ် စစ်ကြောင်းကလည်း တာမိုင်းလုံပတ်ဝန်းကျင်သို့ ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ မိုးမောက်သို့ တက်သည့် လမ်း ၃ မိုင် နေရာသို့ လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်ခြင်းနှင့် ရိုးကြီးရပ်ကွက်ဘက်သို့ မြေပြင်မှ ထိုးစစ်ဆင်ခြင်းများ ပြုလုပ်နေသဖြင့် KIA ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်နေရသည်။
လတ်တလောတွင် ကချင်ပြည်အတွင်းရှိ ဖားကန့်၊ ဝိုင်းမော်၊ အင်းတော်ကြီး၊ ပူတာအိုနှင့် ဆွမ်ပရာဘွမ် စသည့် ဒေသများတွင်လည်း စစ်တပ်က လူအင်အားနှင့် လက်နက်ခဲယမ်း ဖြည့်တင်းကာ စစ်ရေးပြင်ဆင်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း KIO/KIA က ဆိုသည်။
တော်လှန်ရေး အင်အားစုများနှင့် တက်ကြွလှုပ်ရှားသူများက အတုအယောင်ဟု သတ်မှတ်ထားသော ရွေး ကောက်ပွဲမှတစ်ဆင့် သမ္မတဖြစ်လာသည့် ဦးမင်းအောင်လှိုင်က ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ၎င်းတို့ ရှုံးဆုံးထားသည့် နယ်မြေများကို ရက် ၁၀၀ စီမံချက်ဖြင့် ပြန်လည်ရယူရန် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ဒေသများထဲတွင် ကချင်ပြည်လည်း အပါအဝင် ဖြစ်သည်။