ရခိုင်-အိန္ဒိယ နယ်စပ်လမ်းကြောင်း ပြန်ဖွင့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်။

အိန္ဒိယ-ရခိုင် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများကို ပြန်လည်ဖွင့်လှစ်ရန် မာရာလူငယ်အဖွဲ့ (MTP) နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) တို့ သဘောတူညီခဲ့ကြကြောင်း ဒေသတွင်း ကုန်သည်များက ပြောသည်။

မာရာလူငယ်အဖွဲ့ (MTP) နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) တို့ ပူးပေါင်း အစည်း အဝေး ပြုလုပ်ခဲ့ပြီးနောက် အိန္ဒိယ-ရခိုင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများကို ပြန်လည်ဖွင့်လှစ်ရန် စက်တင်ဘာလ ၂၄ ရက်နေ့တွင် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့မှ စတင်၍ ယာယီပိတ်ထားခဲ့သည့် လိုဒေါ (Lodaw)၊ လိုမာဆူ (Lomasu) နှင့် ခယ်ခုံ/ခိုင်ခီ (Khaikhy) ကုန်သွယ်ရေး လမ်းကြောင်းများကို စက်တင်ဘာလ ၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် MTP ဌာနချုပ် တည်ရှိရာ ဆိုင်းဟားမြို့၌ နှစ်ဖက်တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးအပြီး ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

ဒေသခံ ကုန်သည်တစ်ဦးက “စက်တင်ဘာ ၂၄ ရက် မနက် ၆ နာရီခွဲလောက်မှာ MTP ဌာနချုပ် ဆိုင်းဟားမှာ တွေ့ဆုံကြပါတယ်။ ULA/AA ဘက်က နယ်စပ်ဆက်ဆံရေးအရာရှိ (Border Relation Officer) နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူး (County Administrator) တို့ တက်ရောက်ပါတယ်။ MTP ဘက်က တာဝန်ရှိသူတွေ တက် ရောက်ကြပြီး နှစ်ဖက်တွေ့ဆုံမှုကနေ ရခိုင်နဲ့ မရာကြား ချစ်ကြည်ရေး ပိုမိုတိုးမြှင့်ဖို့နဲ့ ပူးပေါင်းလက်တွဲဖို့ သဘောတူကြပါတယ်။ အဓိကအရေးကြီးတဲ့ နယ်စပ်ကုန်သွယ်ရေးကို ယာယီရပ်ဆိုင်းရာကနေ ပြန်လည် ဖွင့် လှစ်ဖို့ သဘောတူလိုက်ပါပြီ” ဟု ပြောသည်။

အဆိုပါ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသည် မီဇိုရမ်ပြည်နယ်တောင်ပိုင်း ခယ်ခုံ/ခိုင်ခီကျေးရွာ ကုန်သွယ် ရေးဂိတ်၌ စက်တင်ဘာလ ၁၄ ရက်နေ့က ကုန်တင်စက်လှေ ဦးစားပေး အလှည့်ကျစနစ်နှင့် ပတ်သက်၍ အငြင်း ပွားမှု ဖြစ်ပွားကာ ဂိတ်ရုံး မီးရှို့ခံရသည့် ဖြစ်စဉ်ကြောင့် စက်တင်ဘာလ ၁၆ ရက်နေ့မှ စတင်၍ MTP ဘက်က ယာယီ ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မီးရှို့ဖျက်ဆီးမှုဖြစ်စဉ်တွင် ပါဝင်သူများကို ULA/AA ၏ တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးဌာန (ဒီလပ်) က ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေအတိုင်း အရေးယူဆောင်ရွက်လျက်ရှိကြောင်း ULA/AA ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခက ဒေသတွင်း သတင်းမီဒီယာများကို ပြောဆိုထားသည်။

ရခိုင်ကုန်သည်တစ်ဦးက “အခုတော့ နယ်စပ်လမ်းကြောင်းက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါပြီ။ သွားလာလို့ ရသလို ကုန်ပစ္စည်းတွေလည်း ပုံမှန်ချလို့ ရနေပါပြီ။ လမ်းပိတ်သွားတဲ့ ရက်ပိုင်းအတွင်းမှာတင် ကုန်စည်စီးဆင်း မှု တော်တော်လေး နှောင့်နှေးသွားခဲ့ပါတယ်။ အခုလို နှစ်ဖက် အမြန်ဆုံး ညှိနှိုင်းပြီး လမ်းပြန်ဖွင့်ပေးလိုက်တာ ဟာ ဒေသခံ ပြည်သူအကုန်လုံးအတွက် အရမ်းကောင်းပါတယ်” ဟု ပြောသည်။

အိန္ဒိယ-အာရက္ခ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသည် စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုတပ်၏ လမ်းပန်း ဆက်သွယ်ရေး ပိတ်ဆို့ခံထားရသည့် ရခိုင်ပြည်နှင့် ချင်းပြည်တောင်ပိုင်း (ပလက်ဝ) ဒေသတို့အတွက် စက်သုံး ဆီ၊ ဆေးဝါးနှင့် စားသောက်ကုန်များကို အဓိက တင်သွင်းနေရသည့် တစ်ခုတည်းသော အသက်ရှူပေါက် ဖြစ် သည်။

လမ်းကြောင်း ပိတ်ထားသည့် ရက်ပိုင်းအတွင်း ကုန်စည်စီးဆင်းမှု နှောင့်နှေးခဲ့ရုံသာမက ကုန်တင်ကုန်ချ လုပ်ကိုင် နေရသည့် ဒေသခံ ရာနှင့်ချီ စားဝတ်နေရေး ခက်ခဲခဲ့ရကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် အိန္ဒိယ-အာရက္ခ နယ်စပ်ဒေသအများစုကို ULA/AA က ထိန်းချုပ်ထားပြီး ကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်းများ ချမှတ်ကာ အကောက်ခွန် ကောက်ခံခြင်းများ ပြုလုပ်လျက်ရှိရာ၊ ယခုကဲ့သို့ လမ်းကြောင်း ပြန် လည်ဖွင့်လှစ်နိုင်ခြင်းက ဒေသခံ ပြည်သူများ၏ စားဝတ်နေရေးနှင့် ဒေသတွင်း စီးပွားရေးအတွက် ကြီးမားသည့် အထောက်အကူ ဖြစ်လာမည် ဖြစ်သည်။