ယခု နှစ်အတွင်း ကရင်နီတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၃ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်။
ကရင်နီပြည်တွင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ၆ လကျော်အတွင်း အရပ်သား ပြည်သူ ၃၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၉၄ ဦး ရှိခဲ့သည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ပြောသည်။
ကရင်နီပြည်နယ် အတွင်း ယခုနှစ် ဇန္နဝါရီလမှ ဇူလိုင်လ ၉ ရက်နေ့အထိ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခံရမှု များကြောင့် သေဆုံးခဲ့သည့် အရပ်သားပြည်သူ ၃၃ ဦးအထဲတွင် ကလေးသူငယ် ၂ ဦး၊ အမျိုးသမီး ၉ ဦး၊ အမျိုးသား ၁၅ ဦး နှင့် အချက်အလက် အတိအကျ မသိရသူ ၇ ဦး တို့ ဖြစ်သည်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှုး ၂ ဦးဗညားက “လေကြောင်းရန် တိုက် ခိုက်မှုက ကျနော်တို့ ကရင်နီပြည်မှာ ခဏခဏဖြစ်တယ်။ နေရာတိုင်းနီးပါးမှာ ဖြစ်တယ်ပေါ့နော်။ ပြည်သူ လူထုကလည်း အနည်းနဲ့ အများကတော့ ဒီအပေါ်မှာ သတိဝိရိယရှိကြတယ်။ လိုအပ်တဲ့ ဗုံးခိုကျင်းတွေကလည်း တချို့ မြို့နယ်အလိုက် ဒေသအလိုက် သူတို့ဟာ ရှိတယ်ပေါ့နော်။ သို့ပေမဲ့လည်း ညကြီးညနက်မှာ လာကြဲတာ ရှိသလို တစ်ခါတစ်လေကလည်း လုံးဝ မထင်မှတ်ထားတဲ့ အချိန်မှာပေါ့နော်။ ကျနော်တို့ကလည်း လေကြောင်း ရန် ကြိုတင်အသိပေး၊ ကြိုတင်ကာကွယ်တဲ့ စနစ်ကလည်း အရမ်း အားနည်းတယ်ပေါ့နော်။ အားနည်းတဲ့ အတွက်ကြောင့်မို့လို့ အားလုံးကို အသိမပေးနိုင်တာလည်း စိတ်မကောင်း ဖြစ်ရတယ်ပေါ့နော်” ဟု ပြောသည်။
၆ လကျော်ကာလ အတွင်း လေကြောင်း တိုက်ခိုက်မှုများကြောင့် ကလေးသူငယ် ၁၃ ဦး၊ အမျိုးသမီး ၁၀ ဦး၊ အမျိုးသား ၁၆ ဦး နှင့် အချက် အလက် အတိအကျ မသိရသူ ၅၅ ဦး စုစုပေါင်း ၉၄ ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ သည်။
စစ်ကောင်စီက စစ်ရေးပစ်မှတ် အရပ်သားပစ်မှတ် မခွဲခြားဘဲ ကရင်နီပြည်အတွင်း လေကြောင်း တိုက်ခိုက်မှုများ ပိုမို၍ လုပ်လာနေသောကြောင့် အရပ်သားပြည်သူများ အတွက် စစ်မဲ့ဇုန် (Safe zone) သတ်မှတ်ဆောင်ရွက် ပေးရန် နိုင်ငံတကာကို ဦးဗညားက ယခုကဲ့သို့ တောင်းဆိုထားသည်။
“ပြည်သူလူထုတွေ နေထိုင်တဲ့အရပ်မှာ ဗုံးကြဲတာတွေ တိုက်ခိုက်မှုတွေ မလုပ်ဖို့အတွက် အဲ့ဒီနေရာတွေကို Safe Zone (စစ်မဲ့ဇုန်) တွေ No Fly Zone (လေယာဉ်မပျံသန်းရဇုန်) တွေကို အတတ်နိုင်ဆုံး ထူထောင်ပြီးတော့မှ လူထုရဲ့ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့ အတွက် နိုင်ငံတကာရဲ့ ဖိအားပေါ့နော် နိုင်ငံတကာရဲ့ အကူအညီ လိုအပ်တယ်ပေါ့နော်။”
ထို့အတူ လက်နက်ကြီး ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်း၊ မိုင်းနင်းမိခြင်းတို့ကြောင့် လည်း ၆ လကျော်အတွင်း ကလေးသူငယ် ၆ ဦး၊ အမျိုးသမီး ၃ ဦး၊ အမျိုးသား ၁၈ ဦး နှင့် အချက်အလက် အတိအကျ မသိရသူ ၂ ဦးတို့ စုစုပေါင်း ၂၉ ဦး သေဆုံးခဲ့ပြီး အရပ်သားပြည်သူ ၁၁၄ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ သည်။
ကရင်နီပြည်အတွင်း၌ စစ်ကောင်စီတပ်က အရပ်သား ပြည်သူများအား ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှု ကျူးလွန် နေသည် သာမက ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ကုန်စည်စီးဆင်းမှုများ ပြတ်တောက်စေရန် ယာဉ် လမ်းကြောင်းများ ပိတ်ဆို့ခြင်းနှင့် ပြည်သူများနေထိုင်ရာ ဒေသများသို့ စစ်ဆင်ရေး အကြိမ်ကြိမ် ပြုလုပ်ခြင်း စသည့် လူ့အခွင့်အရေးချိုး ဖောက်မှုများကို ကျူးလွန်နေဟု (IEC) က ဇူလိုင်လ ၉ ရက်နေ့ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။