ဖားကန့်တွင် မှော်ဝမ်းလေးရွာ မီးရှို့ခံရပြီး နေအိမ် ၆၀ နီးပါး ပြာကျ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်။
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဖားကန့်မြို့မြောက်ဘက်ရှိ မှော်ဝမ်းလေးကျေးရွာကို စစ်တပ်နှင့် ရှမ်းနီ (SNA) ပူးပေါင်းတပ်များက မီးရှို့ဖျက်ဆီးခဲ့သည်။
မီးရှို့ဖျက်ဆီးမှုကြောင့် မှော်ဝမ်းလေးကျေးရွာရှိ ပြည်သူပိုင်နေအိမ် ၅၈ ဆောင်ထက်မနည်း မီးလောင်ပြာကျ ပျက်စီးသွားခဲ့ကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
မေလ ၂၀ ရက်နေ့၊ နံနက် ၁ နာရီခွဲခန့်တွင် စစ်တပ်စစ်ကြောင်းနှင့် ၎င်းတို့လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များ သည် ကျေးရွာအတွင်းသို့ ဝင်ရောက်လာကာ နေအိမ်များကို အကွက်ကျကျ မီးရှို့ခဲ့ခြင်း ဖြစ်သည်။
မှော်ဝမ်းလေးကျေးရွာရှိ ပြည်သူများသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇွန်လဝက်ပိုင်းကတည်းက စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသူများ ဖြစ်သည်။
ယခုအခါ စစ်ဘေးရှောင်နေရသည်မှာ တစ်နှစ်ပြည့်ရန် ရက်ပိုင်းသာ လိုတော့သည့်အချိန်တွင် ၎င်းတို့၏ နေအိမ် များပါ ပြာကျသွားခဲ့ရခြင်း ဖြစ်သည်။
ဖားကန့်ဒေသခံတစ်ဦးက “မော်ဝမ်းလေးကလူတွေက စစ်ရှောင်တာ နောက်လဆိုရင် တစ်နှစ်ပြည့်တော့မယ်။ လူထိခိုက်ဒဏ်ရာ ရတာမျိုးတော့ မရှိဘူး။ အိမ်တွေပဲ မီးလောင်ကုန်တာ။ စစ်ဘေးရှောင်နေရတော့ အလုပ် လည်း ကောင်းကောင်းလုပ်မရဘဲ အရမ်းခက်ခဲနေကြတာ။ အခု ရွာကိုမီးရှို့တော့ အိမ်တွေလည်း မရှိတော့ဘူ။ ဘာပစ္စည်းမှ ကျန်မှာမဟုတ်တော့ပါဘူး” ဟု ပြောသည်။
ထိုမီးရှို့မှုမတိုင်မီ မေလ ၁၉ ရက်နေ့၊ ည ၉ နာရီခွဲခန့်က ဖားကန့်မြို့အနောက်ဘက် ယူမာကျေးရွာအနီးရှိ စစ်တပ်က တပ်စွဲထားသည့် မျောခြံကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များက ဒရုန်းဗုံးဖြင့် သွားရောက်တိုက်ခိုက်ခဲ့သည်။
အဆိုပါ ဒရုန်းဗုံးတိုက်ခိုက်မှုအတွင်း စစ်တပ် လက်အောက်ခံ တပ်ဖွဲ့ဝင် ၄ ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး အချို့မှာ ဒဏ်ရာများရရှိခဲ့သည်။ ထိုဖြစ်စဉ်ကြောင့် စစ်တပ်က ညပိုင်းတွင် တိုက်ပွဲမရှိဘဲ အရပ်သားကျေးရွာကို တန်ပြန်မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းမြစ်များက ဆိုသည်။
စစ်ရေးဗျူဟာအရ KIA နှင့် ပူးပေါင်းတပ်များသည် ၂၀၂၄ ခုနှစ်ကုန်ပိုင်းကတည်းက ဆိုင်းတောင်ကျေးရွာ အပါအဝင် ဖားကန့်မြို့အနောက်ဘက်နှင့် မြောက်ဘက်ရှိ ကျောက်စိမ်းလုပ်ကွက်များ၊ စခန်းကုန်းများကို ထိန်းချုပ်ထားခြင်းဖြစ်သည်။
သို့သော်လည်း စစ်တပ်သည် ဖားကန့်မြို့အရှေ့ဘက် မိုင် ၆၀ ခန့်အကွာရှိ မိုးကောင်းမြို့တွင် အင်အားစုဖွဲ့ကာ ဖားကန့်မြို့ပေါ်နှင့် ယူမာရွာ၊ မရှီကထောင်ရပ်ကွက် ရခိုင်ကုန်းတို့သို့ စစ်အင်အားနှင့် လက်နက်ခဲယမ်းများ အဆက်မပြတ် ဖြည့်တင်းလျက်ရှိသည်။
ကချင်စစ်ရေးသတင်းရင်းမြစ် တစ်ဦးက “ပြီးခဲ့တဲ့ ဧပြီလတစ်လလုံး ဖားကန့်အနောက်ဘက်နဲ့ မြောက်ဘက်မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ခဲ့တယ်။ KIA က ကာကင်းစခန်းတွေကို သိမ်းထားတာ။ အခု စစ်တပ်က အင်အား ၁၀၀၀ လောက်နဲ့ ကာမိုင်း၊ အင်းတော်ကြီး၊ ဆယ်ဇင်းဆိုတဲ့ လမ်းကြောင်း ၃ ခုကနေ ဖားကန့်မြို့ထဲ ပြန်ဝင်ဖို့ စစ်ကြောင်းထိုးနေတယ်။ လက်ရှိ ကာမိုင်း-ဖားကန့်လမ်းပိုင်းကတော့ လုံးဝအာမခံချက်မရှိဘဲ စစ်ရေးအရက အတော်တင်းမာနေတယ်” ဟု ပြောသည်။
လက်ရှိတွင် ကာမိုင်း-ဖားကန့်လမ်းအတိုင်း တက်လာသည့် စစ်တပ်၊ ကာမိုင်းပြည်သူ့စစ်၊ ဝါရာဇွပ်ပြည်သူ့စစ်နှင့် ဝိုင်းမော်ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းများသည် ဖားကန့်မြို့အဝင် လယ်ပြင်ရွာနှင့် ၅ မိုင်ခန့်သာဝေးသည့် ပျားအုံကျေးရွာသို့ ရောက်ရှိနေပြီး KIA ပူးပေါင်းတပ်များနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။
စစ်တပ်ဘက်က လေကြောင်းပစ်ကူများပါ အသုံးပြုနေရပြီး စစ်ကြောင်းဖြတ်သန်းရာ လမ်းကြောင်းပေါ်ရှိ ကျေးရွာပေါင်း ၁၃ ရွာထက်မနည်းမှ ဒေသခံပြည်သူများသည် ဘေးလွတ်ရာ တောတောင်များနှင့် ဖားကန့်မြို့ ပေါ်ရပ်ကွက်များသို့ တိမ်းရှောင်နေကြရသည်။
တစ်ဖက်တွင် KIA နှင့် ကာကွယ်ရေးပူးပေါင်းတပ်များက ဖားကန့်မြို့နယ်အတွင်း စစ်ရေးတင်းမာနေသည့် ကျေးရွာအချို့တွင် ည ၇ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။
စစ်တပ်ဘက်ကလည်း ဒေသတွင်းစီးပွားရေးနှင့် စစ်ရေးအရ အရေးပါသည့် ဖားကန့်ကို ပြန်လည်ရရှိရန် ကြိုးပမ်းနေခြင်းကြောင့် ဖားကန့်ဒေသတစ်ခုလုံးတွင် ရှေ့ဆက်၍ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဆိုသည်။