စစ်တွေ – ပုဏ္ဏားကျွန်းအစပ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းမှ ဆက်တိုက်ဗုံးကြဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်။

ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်နေရာများတွင် အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စု တို့အကြား မြေပြင်တိုက်ပွဲများ ပြင်းထန်နေပြီး စစ်အုပ်စုတပ်က ဂျက်ဖိုက်တာနှင့် Y-12 ထောက်ပို့လေယာဉ်များ ဖြင့် လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ ညနေ ၇ နာရီခန့်မှစ၍ စစ်တွေ-ပုဏ္ဏားကျွန်း နယ်စပ်တစ်လျှောက်ကို စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၂၄ ရက်နေ့တွင်လည်း မြေပြင်၌လည်း ထိတွေ့ တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့သည်။

အဆိုပါ နယ်စပ်စစ်မျက်နှာတွင် စစ်အုပ်စုဘက်မှ အထိနာလျက်ရှိပြီး ကွမ်းတောင်ကျေးရွာအနီး စစ်ကြောင်းများ ဖြန့်ကျက်ထားသော်လည်း မင်းချောင်းတံတား တစ်ဘက်ကမ်းအထိ AA က ပြန်လည်နေရာယူထိန်းချုပ်ထားပြီ ဖြစ်သည်။

ထို့ပြင် စစ်တွေဘက်ခြမ်း စစ်မျက်နှာရှိ ရွှေမင်းဂံရေတပ်စခန်း၏ ကာကင်းအချို့အပါအဝင် ဝါဘို၊ စပါးထားနှင့် ကံ့ကော်ကျွန်း ကျေးရွာများအထိ AA က ထိန်းချုပ်ထားပြီး စစ်အုပ်စုကလည်း အင်အားဖြည့်တင်းကာ စစ်ကြောင်း ဖြန့်ကျက်ထားသည်။

ဒေသခံ စစ်ရေးသတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက “လက်ရှိ စစ်တွေနဲ့ ပုဏ္ဏားကျွန်းနယ်စပ်နေရာတွေကို မနေ့ညက ဗုံးကြဲတာတွေ ရှိသလို မနက်ဘက်လည်း လေယာဉ်တွေ ကင်းထောက်တာတွေ ရှိပါတယ်။ လက်ရှိ ဒေသခံတွေလည်း စိုးရိမ်ပြီး စစ်ရှောင်နေတာတွေ ရှိပါတယ်၊ ကွမ်းတောင် အနီးတဝိုက်ကို ဗုံးကြဲခဲ့တဲ့အပြင် မြေပြင် အခြေအနေတွေလည်း တိုက်ပွဲရှိနေပါတယ်” ဟု ပြောသည်။

လက်ရှိတွင် စစ်တွေမြို့၌ ရေစကြို၊ ပခုက္ကူနှင့် စလင်းမြို့နယ်များရှိ တပ်နယ်လက်အောက်ခံ တပ်ရင်း ၁၀ ရင်း လုံး ရောက်ရှိနေသော်လည်း AA ဘက်ကလည်း ဆတ်ရိုးကျချောင်း တစ်ဖက်ကမ်းရှိ ခမောင်းတောကျေးရွာ ဘက်သို့ စစ်အင်အားဖြည့်တင်းထားသည်။

စစ်အုပ်စုသည် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများအပါအဝင် နေရာအနှံ့အပြားသို့ ဂျက်တိုက်လေယာဉ်၊ Y-12 စစ်ထောက်ပို့ယာဉ်၊ အထိုင်တပ်ရင်းများနှင့် စစ်သင်္ဘောများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် လျက်ရှိသည်။

“စစ်တွေ-ပုဏ္ဏားကျွန်း အစပ်မှာ အရေးနိမ့်နေတဲ့ စစ်တပ်က (AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို လေ ကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ နေ့စဉ် မြင့်တက်နေ ပါတယ်။ ပုဏ္ဏားကျွန်းက စစ်တွေမြို့ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင် ပြည်သူအများဆုံး ခိုလှုံတဲ့ နေရာ ဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း ဖက်ကျရွာကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲခဲ့တာကြောင့် အရပ်သားတစ်ယောကf ဒဏ်ရာရရှိခဲ့သေးတယ်” မြေပြင်၌ အကူအညီပေးနေသူ တစ်ဦးက ပြောသည်။

စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ဖက်ကျကျေးရွာတွင် စက်တင်ဘာလ ၁၇ ရက်နှင့် ၂၃ ရက်တို့၌ အရပ်သား ၂ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ရသေ့တောင်မြို့ နယ် ဇီးကိုင်းကျေးရွာတွင် စက်တင်ဘာလ ၂၀ ရက်က မိခင်နှင့် ကလေး သေဆုံးခဲ့ရသည်။

ထို့ပြင် ဂွမြို့နယ် ဆပ်သွားကျေးရွာတွင်လည်း စက်တင်ဘာလ ၂၁ ရက်က လေကြောင်းမှ ဗုံးကြဲမှုကြောင့် ဆယ် ကျော်သက် ကျောင်းသားတစ်ဦးအပါအဝင် အရပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့သေးသည်။

ဓါတ်ပုံ – (ယခုလအတွင်း အာရက္ခတပ်တော် AA က ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများ / AA)