ဖားကန့်တွင် နှစ်ဘက်တပ်များ လူသစ်စုဆောင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်။
ဖားကန့်တွင် စစ်ကော်မရှင်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့က အတင်းအဓမ္မ လူသစ်စုဆောင်း နေမှုများကြောင့် လူထုအခက်ကြုံနေကြသည်။
ကချင်ပြည်နယ်၊ ကျောက်စိမ်းထွက်ရာ ဖားကန့်ဒေသတွင် စစ်ကော်မရှင်တပ်နှင့် KIA ဦးဆောင်သော တော်လှန် ရေး အဖွဲ့များက တပ်သားစုဆောင်းမှုများကြောင့် ဒေသခံလူထုမှာ အခက်အခဲများ၊ စိုးရိမ်ထိတ်လန့်မှုများ နှင့် ကြုံတွေ့နေရသည်။
ဖားကန့် ဒေသခံတစ်ဦးက “စစ်တပ်ဘက်ကလည်း ဖမ်းတာရှိသလို၊ ဒီဘက်က KIA ဦးဆောင်တဲ့ တော်လှန်ရေး အဖွဲ့တွေကလည်း ဖမ်းတာတွေရှိတယ်။ ဖမ်းတာမှ အများကြီး။ အတင်းအကျပ် နေ့လည်ကြောင်တောင် ဝင် ဖမ်းတာတွေလည်း လုပ်တယ်ဗျာ။ တိုက်ပွဲတွေဖြစ်လို့ ပြေးရတာတမျိုး၊ စုဆောင်းရေးကြောင့် ပြေးရတာ ရှောင်ရတာက တမျိုးနော်” ဟု ပြောသည်။
စစ်ကောင်စီဘက်က ၂၀၂၃ ခုနှစ် နှစ်စပိုင်းမှစ၍ ယနေ့အချိန်ထိ လုံခြုံရေး တင်းကျပ်ခြင်းနှင့် ရမ်းသမ်း ဖမ်းဆီး ခေါ်ဆောင်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဖားကန့်ဒေသခံများက ပြောသည်။
KIA နှင့် တော်လှန်ရေးအဖွဲ့များဘက်မှမူ နယ်မြေထိန်းချုပ်မှု တိုးမြှင့်လာသည့် ၂၀၂၅ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလ ဝန်းကျင်မှစ၍ အတင်းအကြပ် လူသစ်စုဆောင်းမှုများ လုပ်ခဲ့သည်ဟု ပြောသည်။
ဒေသခံများ၏ ခန့်မှန်းချက်အရ ဆိုင်းတောင် ကျေးရွာအုပ်စုကဲ့သို့ နေရာများတွင် ရက်သတ္တပတ် နှစ်ပတ်အတွင်း လူ ၅၀၀ ခန့်အထိ စုဆောင်းခံခဲ့ရသည် ဟု သိရသည်။
ဤသို့ နှစ်ဖက်ညှပ်ပြီး လူသစ်စုဆောင်းခံရသည့် အခြေအနေများကြောင့် ဒေသခံလူငယ်များသည် အပြင်မထွက်ရဲဘဲ ပုန်းအောင်းနေရသည်။
ကျောက်စိမ်းမှော်များ၊ လူမြင်ကွင်းများအထိ ဝင်ရောက်ဆွဲခေါ်မှုများ ရှိနေပြီး၊ ကြောက်လန့်တကြား ထွက်ပြေး ရင်း မတော်တဆ သေဆုံးခဲ့သည့် ဖြစ်စဉ်မျိုးပင် ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
လူငယ်များ အလုပ်မလုပ်ရဲခြင်း၊ ပုန်းအောင်းနေရခြင်းတို့ကြောင့် ဖားကန့်၏ အဓိကစီးပွားရေးဖြစ်သော ကျောက်စိမ်းလုပ်ငန်းအပါအဝင် နေ့စဉ် စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်ရန် ခက်ခဲလာသည်။
ဆိုင်းတောင်ကဲ့သို့ နေရာများတွင် ဈေးဆိုင်များပါ ပိတ်ထားရဆဲဖြစ်ပြီး ဒေသခံအများစုမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
ဆိုင်းတောင် ဒေသခံတစ်ဦးက “KIA က စုဆောင်းရေး ဆွဲတာကလည်း စစ်ကောင်စီလိုပဲ အတူတူပဲ အတင်းဖမ်း ခေါ်တာ။ လာဝင်ဖမ်းပြီဆိုရင် ဆိုင်တွေလည်း ပိတ်။ ဒီတလော လူကြီးတွေနဲ့ KIA နဲ့ တွေ့တယ်ပြောတော့ ဝမ်း သာတယ်။ အတင်းအကြပ် စုဆောင်းတာ ရပ်ပေးဖို့၊ လူထုစည်းရုံးရေး နည်းလမ်းနဲ့ပဲ လုပ်ဖို့ စာပို့ထား တယ်လို့ တော့ ပြောကြတယ်။ အခုထိတော့ ဘာမှန်းမသိသေးဘူး။ အခြေအနေ ကြည့်ပြီး သွားလာပေါ့ဗျာနော်” ဟု ပြောသည်။
အခြေအနေများ ဆိုးရွားလာခြင်းကြောင့် ဖားကန့်ဒေသရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုကွန်ရက်နှင့် တော် လှန်ရေး အင်အားစုများမှာ KIA တပ်မဟာ (၉) က တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲ၏ အဓိက ရည်ရွယ်ချက်မှာ အတင်းအကြပ် လူသစ်စုဆောင်းမှုများကို ရပ်တန့်ပေးရန်နှင့် တော်လှန် ရေး၏ ပုံရိပ်ကို မထိခိုက်စေရန် ဖြစ်သည်ဟု အောက်တိုဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ထားသည်။
၎င်းတို့က KIA တပ်မဟာမှူးကို လိပ်မူတင်ပြသော စာတွင် ‘အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် လူထု တစ်ဦးချင်းစီ၏ ပါဝင်အားကို အသုံးပြုပြီး၊ အတင်းအကြပ် စုဆောင်းမှုအစား လူထုစည်းရုံးရေး နည်းလမ်း ဖြင့်သာ ဆောင်ရွက်ရန်’တိုက်တွန်း ပန်ကြားထားသည်။
လက်ရှိတွင် ဤဆွေးနွေးပွဲမှ ကောင်းမွန်သော ရလဒ်များ ရရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း မြေပြင်တွင် လူသစ်စုဆောင်းမှုများ ဆက်ရှိနေသေးသောကြောင့် ဖားကန့်ဒေသခံများသည် လုံခြုံမှုမရှိဘဲ စိုးရိမ်ထိတ်လန့်စွာ ရှင်သန်နေရဆဲ ဖြစ်ကြောင်း သိရသည်။