ရွေးကောက်ပွဲ ကျင်းပစဉ် ဖားကန့် မြို့ပေါ် ရပ်ကွက်များအား လက်နက်ကြီးဖြင့် ပစ်ခတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၅ ရက်။
ကချင်ပြည် ဖားကန့် မြို့ပေါ် ရပ်ကွက် တချို့တွင် ရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပနေစဉ် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲ သဖြင့် ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု မြို့ခံ သတင်းရင်းမြစ်များက ပြောသည်။
ကချင်ပြည်၊ ဖားကန့်မြို့ပေါ်ရပ်ကွက် အချို့တွင် စစ်ကော်မရှင်က အပိုင်း (၃) ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်း နေသည့် ဇန်နဝါရီလ ၂၅ ရက်နေ့၌ လူနေရပ်ကွက်များ အတွင်းသို့ လက်နက်ကြီးကျည်များ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
စစ်ကော်မရှင်က မော်ဝမ်း၊ ငှက်ပျောတော၊ အေးမြသာယာနှင့် မြို့မရပ်ကွက်တို့ရှိ စာသင်ကျောင်းများကို အခြေပြုကာ ရွေးကောက်ပွဲပြုလုပ်နေစဉ် မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက် ခဲ့ခြင်း ဖြစ်သည်။
ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက “မနက်ကတည်းက လက်နက်ကြီးသံတွေက တစ်ချက်ပြီးတစ်ချက်ပဲ၊ အိမ်တွေတောင် တုန်နေတာ။ ရွေးကောက်ပွဲ လုပ်နေတဲ့ ရပ်ကွက်တွေထဲကို လက်နက်ကြီးတွေ ကျနေတာ ဆိုတော့ ဘယ်သူမှ သိပ်ပြီး အပြင်မထွက်ရဲကြဘူး” ဟု ပြောသည်။
ဇန်နဝါရီလ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် ငှက်ပျောတောရပ်ကွက် အတွင်းရှိ ကုန်စုံဆိုင်တစ်ဆိုင်နှင့် မြို့မကလပ် ကုန်းရှိ လူနေအိမ်များ ပေါ်သို့ လက်နက်ကြီးကျည်များ ကျရောက်ခဲ့ခြင်းကြောင့် အိမ်ထဲတွင်ရှိနေသည့် အရပ်သား ၅ ဦး ဒဏ်ရာရရှိ ခဲ့ကာ လူမှုကူညီရေးအသင်းများက ဆေးခန်းသို့ ပို့ဆောင်ပေးထားရသည်ဟု ဆိုသည်။
အခြားဖားကန့် ဒေသခံတစ်ဦးကလည်း “လက်နက်ကြီးကျည်က ရပ်ကွက်တွေထဲ ကျနေတာဆိုတော့ ဘယ်သူမှ မဲသွားဖို့ မစဉ်းစားအားဘူး၊ အသက်ဘေးကိုပဲ ကြောက်နေရတာ။ စစ်သားတွေကတော့ ကျောင်းတွေထဲမှာ သေနတ်တွေနဲ့ စောင့်နေကြတာပဲ၊ သွားတဲ့လူတွေ ပြောတော့ မဲရုံနားမှာလည်း စစ်သားတွေ၊ ရဲတွေ လက်နက် တွေနဲ့ စောင့်နေကြတာ” ဟု ပြောသည်။
စစ်ကော်မရှင်တပ်သည် ဖားကန့်မြို့အဝင်အထွက် တံတားများကို ဇန်နဝါရီ ၂၃ ရက်ကတည်းက ပိတ်ဆို့ထားပြီး မြို့ပေါ်ရပ်ကွက် ၅ ခုတွင် မဲရုံများဖွင့်လှစ်ရန် ကြိုးပမ်းခဲ့သော်လည်း တိုက်ပွဲများကြောင့် မဲထည့်သူမရှိသလောက် နည်းပါးနေခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။
စစ်ကော်မရှင် ဗျူဟာကုန်းမှ ပစ်ခတ်သည့် လက်နက်ကြီးများသည် တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ရာ ဆိပ်မူ ကျေးရွာ အုပ်စုဘက်သို့လည်း ကျရောက်ခဲ့သဖြင့် အရပ်သား ၂ ဦး ထပ်မံဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်း ရင်းမြစ်က ပြောသည်။
ကချင်ပြည် အတွင်း ဗန်းမော်၊ မံစီ၊ မိုးမောက်၊ ဖားကန့်နှင့် ရွှေကူတို့တွင် ရွေးကောက်ပွဲကျင်းပမည်ဟု စစ်ကော်မရှင်က ကြေညာ ထားသော်လည်း ဖားကန့်နှင့် ရွှေကူမြို့နယ်တို့တွင်သည ရွေးကောက်ပွဲ အပိုင်း ၃ ကို နေရာအချို့တွင်သာ လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဖားကန့်တွင်လည်း ယခုကဲ့သို့ လက်နက်ကြီးသံများ ဆက်တိုက်ကြား နေရသဖြင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေပြီး မဲပေးသူလည်း နည်းပါးသည်ဟု ဆိုကြသည်။
ဓါတ်ပုံ – စစ်ကော်မရှင် (မြို့နယ် ပြန်/ဆက်)