ကချင်ပြည်သို့ ကုန်းလမ်းပေါက်ရန် စစ်တပ် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်။
ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှတစ်ဆင့် မဘိမ်း-ငါးအိုးဘက်သို့ စစ်ကြောင်းထိုးကာ ကချင်ပြည်အတွင်းသို့ ကုန်းလမ်းဖြင့် ဝင်ရောက်နိုင်ရန် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ရေးပြင်ဆင်နေမှုကြောင့် နှစ်ဖက် စစ်ရေး တင်းမာမှုနှင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနေသည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပြောသည်။
ပြီးခဲ့သည့် မေလဆန်းပိုင်းမှ စတင်ကာ မန္တလေးမြို့ဘက်မှ မိုးမိတ်မြို့ဘက်သို့ စစ်တပ်၏ စစ်ကားယာဉ်တန်းများ အင်အားအလုံးအရင်းဖြင့် ဆက်တိုက်တက်လာခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် စစ်တပ်က မိုးမိတ်နှင့် မဘိမ်းမြို့ ကြား ရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများကို နေအိမ်များမှ အတင်းအဓမ္မ ထပ်မံရွှေ့ပြောင်းခိုင်းထားကြောင်း ဆို သည်။
စစ်တပ်သည် မိုးမိတ်မှ မဘိမ်း-ငါးအိုး လမ်းကြောင်းအတိုင်း ကချင်ပြည်အတွင်းသို့ မြေပြင်စစ်ကြောင်း ပေါက် ထွက်နိုင်ရန် စစ်ရေးဗျူဟာချ၍ ထိုးစစ်ဆင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက သုံးသပ် ထားသည်။
မိုးမိတ်နှင့် မဘိမ်းကြား စစ်ကောင်စီတပ်၏ လှုပ်ရှားမှုနှင့်ပတ်သက်၍ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက “မန္တလေးက တက်လာတဲ့ စစ်တပ်ယာဉ်တန်းတွေ မိုးမိတ်ထဲ ရောက်လာကတည်းက မြေပြင်က တော်တော်လေး လှုပ်ခတ်သွားတာ။ အခုဆို မိုးမိတ်နဲ့ မဘိမ်းကြားက ရွာတွေကို စစ်တပ်က အတင်းအဓမ္မ ရွှေ့ခိုင်းနေပြီ။ သူတို့ က ကချင်ပြည်ဘက်ကို စစ်ကြောင်းပေါက်အောင် သွားချင်လို့ လမ်းကြောင်းရှင်းတဲ့ သဘောပဲ။ ရွာသားတွေ လည်း ပြေးနေကြရတယ်” ဟု ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ငါးအိုးကျေးရွာဘက်မှ ထွက်ခွာလာသည့် စစ်တပ် စစ်ကြောင်းကို ကချင်လွတ်လပ် ရေး တပ်မတော် (KIA) ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) နှင့် ကျောင်းသားတပ်မတော် (ABSDF) ပူးပေါင်းတပ်ဖွဲ့များက လမ်းခရီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် စစ်တပ်ဘက်က အထိနာကာ ပြန်လည် ဆုတ် ခွာသွားခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့သည်။
ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက “လမ်းပိုင်းအများစုကို ကျနော်တို့ဘက်က ထိန်းချုပ်ထား တော့ သူတို့ မြေပြင်စစ်ကြောင်း ထိုးဖို့ တော်တော်ရုန်းကန်နေရတယ်။ ဒါပေမဲ့ ရွှေကူနဲ့ ဗန်းမော်ဘက်ကို လမ်းပွင့်ဖို့ သူတို့ အသေအလဲ ကြိုးစားလာနိုင်တာမို့ စစ်ရေးအရ အနီးကပ် စောင့်ကြည့်ပိတ်ဆို့ထားပါတယ်။ ပြည်သူတွေအနေနဲ့လည်း စစ်ရေးသတိ အမြဲရှိနေဖို့ လိုပါတယ်” ဟု ပြောသည်။
စစ်တပ်သည် ဗန်းမော်နှင့် ရွှေကူမြို့နယ်ဘက်သို့ ကုန်းလမ်းပေါက်ရန် ဆက်လက် ကြိုးပမ်းနေဆဲ ဖြစ်ရာ တော် လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်ကလည်း ၎င်းတို့၏ စစ်ကြောင်းများကို အနီးကပ်စောင့်ကြည့်ကာ လမ်း ကြောင်းများကို ပိတ်ဆို့ထားသည့် အနေအထားတွင် ရှိနေသည်။
လက်ရှိတွင် မြစ်ကြီးနား – ဗန်းမော် – မန္တလေး လမ်းပိုင်းတစ်လျှောက်နှင့် ရွှေလီမြစ်ဝှမ်းဒေသများကို တော် လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက စိုးမိုးထိန်းချုပ်ထားသဖြင့် စစ်တပ်စစ်ကြောင်းများ လှုပ်ရှားရန် ခက်ခဲနေသည်။
တိုက်ပွဲများ အချိန်မရွေး ပိုမိုပြင်းထန်လာနိုင်သည့် အခြေအနေကြောင့် ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ် ရာသို့ ကြိုတင်ရှောင်တိမ်းကြရန် KIA ဘက်က သတိပေးနှိုးဆော်ထားသည်။
ဓါတ်ပုံ – ပုံဟောင်း