နတ်အိမ်တောင်စခန်းသို့ စစ်ကူလာသည့် စစ်ကော်မရှင်တပ် စစ်ကြောင်း တိုက်ခိုက်ခံရ၊ ၄ ဦးသေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်။ ဩဂုတ်လ ၆ ရက်။
တနင်္သာရီတိုင်း၊ ကလိန်အောင်မြို့ အရှေ့ခြမ်းက မြန်မာ – ထိုင်းနယ်စပ်ရှိ နတ်အိမ်တောင်စခန်းကို စစ်ကူလာ သည့် စစ်ကော်မရှင်တပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံးခဲ့သည်။
နတ်အိမ်တောင်တပ်စခန်းကို စစ်ကူလာသော စစ်ကော်မရှင်တပ်ဖွဲ့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဩဂုတ်လ ၄ ရက်နေ့တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော်နည်းဗျူဟာ (၃၃) က ထုတ်ပြန် သည်။
မြေပြင်ရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက “နတ်အိမ်တောင်စခန်းကို အင်အားဖြည့်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို ကျနော်တို့ ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာပါ။ ကရင်၊ မွန် နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာပါ။ အဓိကတော့ အင်အား မဖြည့်နိုင် အောင်ပေါ့နော်။ ဆက်ပြီး ပိတ်ဆို့ ထားနိုင်သေးတယ်” ဟု ပြောသည်။
ပြည်သူ့ကာကွယ်ရေး တပ်မတော်နည်းဗျူဟာ (၃၃) ၏ ဩဂုတ်လ ၅ ရက်နေ့ ထုတ်ပြန်ချက်ထဲ စစ်ကော်မရှင် တပ်ဖွဲ့ ၄ ဦး သေဆုံးမှုအပြင် လက်နက်ခဲယမ်းများကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။
အထက်ပါ သတင်းအရင်းအမြစ်က “နတ်အိမ်တောင်က နယ်စပ်စခန်းတစ်ခုလည်း ဖြစ်တယ်။ သူတို့အတွက် လည်း တကယ့်ကို အရေးပါတဲ့ စခန်းပေါ့နော်။ ကျနော်တို့ကလည်း နတ်အိမ်တောင်ကို စစ်အင်အား မဖြည့်နိုင် အောင် ပိတ်ထားတာ။ အရင်ကလည်း ရိက္ခာကို ထိုင်းဘက်ကပဲ ပို့နေရတာပေါ့နော်” ဟု ပြောသည်။
နတ်အိမ်တောင်စစ်စခန်းသို့ စစ်ကူလာသော စစ်ကော်မရှင်တပ်မှာ အင်အား ၆၀ ခန့်ပါသော စစ်ကြောင်း ဖြစ်သည်ဟု ကာကွယ်ရေး ပူးပေါင်းအဖွဲ့တို့ဘက်က ထုတ်ပြန်သည်။
ထို့အပြင် ကလိန်အောင်မြို့၊ ကော့လှိုင်ကျေးရွာ အနီးတွင်လည်း နှစ်ဖက်ကြား တိုက်ပွဲများ ဖြစ်ခဲ့သည်ဟု မွန်ပြည် တော်လှန်ရေးတပ် (MSRF) နှင့် ပူးပေါင်းတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဘက်က ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန် ချက်က ဆိုသည်။
ယခုတိုက်ခိုက်မှုကို KNLA တပ်ရင်း ၂၇ တပ်ဖွဲ့၊ နည်းဗျူဟာ ၃၃ စစ်ဆင်ရေးတပ်ဖွဲ့၊ ဒေါနတပ်ရင်း -၂ YGF တပ်ဖွဲ့၊ ဒေါနတပ်ရင်း – ၃ (KBDF)တပ်ဖွဲ့၊ ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်း KTLA၊ ရာမညတပ်တော် (NMSP/AD၊ RMA) တပ်ဖွဲ့နှင့် မွန်ပြည်တော် လှန်ရေးတပ် (MSRF) တပ်ဖွဲ့တို့က ပူးပေါင်း ပါဝင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
နတ်အိမ်တောင် စခန်းမှာ မြန်မာ – ထိုင်းနယ်စပ်၊ ထီးခီးဒေသ အရှေ့မြောက်ဘက်ခြမ်းတွင် ကျန်နေသည့် စစ်ကော်မရှင်တပ်၏ စခန်းတစ်ခုလည်း ဖြစ်သည်။